* မာတာ,ပိတု *
👪===👷===👪
အေ,ဘီ,စီ နဲ့ ကကြီး,ခကွေး,
မြန်မာဖတ်စာတွေ အကြောင်း
သူတို့ ကောင်းကောင်း မသိပေမယ့်
ကျွန်တော့်ကိုတော့ ပညာအရာမှာ
တစ်ဖက်ကမ်းခပ် တတ်စေချင်ခဲ့တယ် …
ဂဏန်းသင်္ချာနဲ့ သုတ,ရသ
စာပေတွေ အကြောင်း
သူတို့ ကောင်းကောင်း မသိပေမယ့်
ကျွန်တော့်ကိုတော့
ဗဟုသုတ စုံစေချင်ခဲ့တယ် …
သူတို့ငယ်ငယ်ကနဲ့ မတူတော့တဲ့
လောကကြီးအကြောင်း
သူတို့ ကောင်းကောင်းမသိပေမယ့်
ငယ်ငယ်ကနဲ့ မတူတော့တဲ့
ကျွန်တော့်အကြောင်း
ခြေဖျားက,စ ဦးခေါင်းအဆုံး
အကုန်အလွတ်ရတယ် …
ကြက်ဆီထမင်းနဲ့ ဒံပေါက်
ဟင်းလျာတွေအကြောင်း
သူတို့ ကောင်းကောင်းမသိပေမယ့်
ဆန်ကြမ်းထမင်းကိုတော့ တောဟင်းတစ်ခွက်နဲ့
နပ်မှန်အောင် ချက်ကျွေးခဲ့တယ် …
ကြေးအိုးဆီချက်နဲ့ မြေအိုးမြီးရှည်တွေအကြောင်း
သူတို့ ကောင်းကောင်းမသိပေမယ့်
ရွာက,လုပ် အစုံသုပ်ကိုတော့
ချွေခြစ်ကုတ် ဝယ်ကျွေးခဲ့တယ် …
ပါတိတ်ထမီနဲ့ ပိုးပုဆိုးတွေအကြောင်း
သူတို့ ကောင်းကောင်းမသိပေမယ့်
ချည်သားဖြစ် ရယ်ဒီမိတ်စစ်စစ်တွေကိုတော့
အရောင်ကွဲ ဝတ်ဆင်စေခဲ့တယ် …
ပြည်ပဖြစ် အကောင်းစား brand တွေနဲ့
ဖိနပ်လှလှလေးတွေအကြောင်း
သူတို့ ကောင်းကောင်းမသိပေမယ့်
ပြည်တွင်းဖြစ် သားရေဖိနပ်
စစ်စစ်တွေကိုတော့ ခြေမှာညှပ်
စီးတက်စေခဲ့တယ် …
တကယ်လို့ ကျွန်တော်က
နွေနေ့ခင်းဆိုရင်
အဖေ,ဆိုတဲ့ နေမင်းရှိမှ
ပြည့်စုံလင်းမယ့် နွေနေ့ခင်းပေါ့
နောက်တစ်ခါ ကျွန်တော်က
ညအခင်းဆိုရင်
အမေ,ဆိုတဲ့ လမင်းရှိမှ
ပြည့်စုံလင်းမယ့် ညအခင်းပေါ့ …
အဖေ့ကို ချစ်သလို
အမေ့ကို ချစ်တယ်
အဖေ့ရင်ငွေ့
အမေ့ရင်ငွေ့မှာ ခိုလှုံခွင့်ပေးတဲ့
အတိတ်ကံကို ကျေးဇူးတင်တယ်
စည်းစိမ်တွေ အလျှံအပယ်မရှိပေမယ့်
မေတ္တာတွေ လျှံဝေဖိတ်နေတဲ့
အဖေ,အမေတို့ရဲ့ကမ္ဘာမှာ
ကျွန်တော် နေပျော်တယ် …
______________
credit...သျှင်မီးအိမ်
photo-credit
Posted via Maung Zaw
No comments:
Post a Comment